Headlines

တရုတ်ရင်းနှီးမြုပ်နှံမှုများကြောင့် ထိုင်းနိုင်ငံရှိ မူလ ကားထုတ်လုပ်သူများ အကျပ်အတည်းရှိလာရနိုင်ဖွယ် ရှိကြောင်း KKP Research မှ ထောက်ပြ

ထိုင်း ပြည်တွင်းရှိ မော်တော်ယာဥ်လုပ်ငန်းများ အတွက်  ကောင်းမွန် တိုးတက်လာခြင်းထက် ရေရှည်ပြဿနာများ ဖန်တီးလာနိုင်သည့် တရုတ်ကားထုတ်လုပ်သူများ ဝင်ရောက်လာခြင်းကြောင့် စိန်ခေါ်မှုများ ကြုံတွေ့လာရမည့် အကြောင်းကို  KKP Research မှ အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။  KKP Research ဆိုတာကတော့ ထိုင်းနိုင်ငံရှိ financial firm တစ်ခုဖြစ်တဲ့ Kiatnakin Phatra Financial Group ရဲ့ လုပ်ငန်းခွဲတစ်ခုဖြစ်ပါတယ်။ KKP Research ရဲ့ အစီရင်ခံစာမှာ အဓိက အားဖြင့် တရုတ်ရင်းနှီးမြုပ်နှံမှုများကြောင့် ထိုင်းပြည်တွင်းရှိ မူလ မော်တော်ကားထုတ်လုပ်သူများ အနေနဲ့ အနာဂတ်မှာ ကြုံတွေ့လာနိုင်ဖွယ်ရှိတဲ့ သက်ရောက်မှုများ နဲ့ သတိပြုစရာ အချက်များကို ဖော်ပြထားပါတယ်။ အဆိုပါဖော်ပြချက်များထဲမှ အဓိက အချက်များမှာ –   

 1. တရုတ်နိုင်ငံမှ လျှပ်စစ်ကား (EV) များဝင်ရောက်လာမှုဟာ EV ခေတ်သို့ ကူးပြောင်းခြင်းထက် ထိုင်းမော်တော်ယာဥ်လုပ်ငန်းကို ပိုမိုထိခိုက်လာစေနိုင်ပြီး တရုတ်တွင် ပိုလျှံသော ထုတ်လုပ်မှုစွမ်းအားနှင့် ဈေးနှုန်းပိုင်းမှာ ပိုမိုယှဉ်ပြိုင်လာရနိုင်ဖွယ်ရှိနေပါသည်။

 2. အကျိုးသက်ရောက်မှုအနေနှင့် အိမ်စီး နှင့် ပုဂ္ဂလိကသုံး ကားငယ်ဈေးကွက်သာမက ထိုင်းမော်တော်ယာဥ်လုပ်ငန်းရဲ့ အဓိကကျသော ပစ်ကပ်ထရပ်ကားဈေးကွက်ကိုပါ လွှမ်းမိုးလာနိုင်ဖွယ်ရှိနေပါသည်။  တရုတ်ပို့ကုန်များရဲ့ 70% သည် “ပစ်ကပ်” ပါဝင် သော အိမ်စီး နှင့် ပုဂ္ဂလိကသုံး ကားများဖြစ်ကြပြီး တရုတ်ပစ်ကပ်ကားများဟာ ပြီးခဲ့သော  ၂ နှစ်မှ ၃ နှစ်အတွင်းကာလမှာပင် သြစတြေးလျ Ute ပစ်ကပ်ကား ဈေးကွက်ဝေစုရဲ့ ၈ ရာခိုင်နှုန်းအထိ ဖဲ့ယူနိုင်ခဲ့ပါသည်။

 3. ထိုင်းနိုင်ငံရှိ တရုတ်မော်တော်ကားကုမ္ပဏီများရဲ့ ရင်းနှီးမြှုပ်နှံမှုများဟာ  ပြည်တွင်းရောင်းအားအတွက်  ထုတ်လုပ်ခြင်းထက် ထိုင်းနိုင်ငံပြင်ပကို တင်ပို့ရန်အတွက် production base အဖြစ် အသုံးချရန် ရည်ရွယ်ထားကြပါသည်။

 4. ထိုင်းနိုင်ငံမှာ EVကား ထုတ်လုပ်မှုမှ ရရှိလာမယ့် ထပ်တိုး ဆက်စပ်ခံစားခွင့်တန်ဖိုးများ အနေနဲ့တွက်ချက်ကြည့်ရင်လည်း EV ထုတ်လုပ်မှုအတွက် လိုအပ်တဲ့ အဓိက အစိတ်အပိုင်းများကို ပြည်ပမှသာ တင်သွင်းမှုအပေါ် မှီခိုနေရခြင်းကြောင့် ပြည်တွင်းရှိ ICE ကား ထုတ်လုပ်မှုများထက် များစွာ အခွင့်အလမ်းနည်းပါးပြီး ထိုင်းတို့အတွက် အကျိုးဖြစ်ထွန်းမှုတန်ဖိုးနိမ့်ကျလာနိုင်ပါသည်။

 5. KKP Research မှ ထိုင်းအစိုးရအနေနဲ့ ထိုင်းစွန့်ဦးလုပ်ငန်းရှင်များအတွက် နည်းပညာဆိုင်ရာ အလားအလာများကို ဖွံ့ဖြိုးတိုးတက်စေရန် ဘက်မှာ ပိုမို အာရုံစိုက်ပံ့ပိုးပေးရန်နှင့် ထိုင်းပြာ်တွင်း ကားစျေးကွက်ပုံပျက်ခြင်းကို ရှောင်ရှားနိုင်စေဖို့အတွက် အစိုးရရဲ့  EV ပံ့ပိုးမှုအစီအမံများကို ပြန်လည်သုံးသပ်ရန် အကြံပြုထားပါသည်။

 6. အကယ်၍သာ အစိုးရအနေနဲ့ လက်ရှိ အခြေအနေအတိုင်း ဖြစ်နေသည်ကို ဆက်ပြီးခွင့်ပြုနေပါက အချို့သော ပြည်တွင်းရှိ မော်တော်ကား စက်ရုံများ ပိတ်ပစ်လိုက်ရနိုင်ခြေ မြင့်မားလာနေပါသည်။ ထိုင်းပြည်တွင်းရှိ  ဂျပန်ကားအခြေခံစျေးကွက်သည် 1 နှစ်အတွင်းမှာပင် ၎င်း၏စျေးကွက်ဝေစုရဲ့ 10% ကျော်ကို လက်လွှတ်ဆုံးရှုံးသွားခဲ့ရပြီး လက်ရှိအနေအထားအရ (ICE)မော်တော်ကားနှင့် သက်ဆိုင်သော စတော့ရှယ်ယာအပိုင်းမှာ သိသိသာသာ အပြောင်းအလဲများရှိလာခဲ့ပါတယ်။ သို့ပေမယ့်လည်း  ထုတ်လုပ်မှုအပိုင်းမှာတော့  ပုံသေကုန်ကျစရိတ် သိသိသာသာကျဆင်းမှု ရှိမနေပဲ တရုတ်ကားများ စျေးကွက်တွင်းဝင်ရောက်မှုကြောင့် နောက်ဆက်တွဲ ဖြစ်ပွားလာတဲ့ စျေးနှုန်းစစ်ပွဲရဲ့ သက်ရောက်မှုအဖြစ် မူလထိုင်းပြည်တွင်းရှိ ကားကုမ္ပဏီများ၏ ထုတ်လုပ်ရောင်းချရမှု အမြတ်ငွေများကို ကျဆင်းစေနေပါသည် – လို့ဖြစ်ပါတယ်။

     လက်ရှိ အနေအထားအရ ထိုင်းပြည်တွင်းကားစျေးကွက်မှာ တရုတ်အမှတ်တံဆိပ်ကားများဟာ တစတစ နေရာပိုမိုယူလာကြပြီး ပြီးခဲ့တဲ့ 45th Bangkok International Motor Show ကားပြပွဲမှာဆိုရင် အရောင်းရဆုံး ကားများစာရင်းမှာ MG, Changan နဲ့ Great Wall Motor(GWM) အပါအဝင် တရုတ်အမှတ်တံဆိပ်ကားများဟာ ပိုမို နေရာယူလာနိုင်ကြတာကို တွေ့နေရပါတယ်။

သို့ပေမယ့်လည်း တရုတ်အမှတ်တံဆိပ်ကားများရဲ့ အနာဂတ် ထိုင်းပြည်တွင်းကားစျေးကွက်အပေါ် သက်ရောက်မှုဟာ စောင့်ကြည့်နေစဲ အနေအထားမှာသာ ရှိနေသေးပြီး ထိုင်း​လူမျိုးတို့ရဲ့ ကားသုံးစွဲမှု အာသီသ ဟာ တရုတ်ကားတွေဘက်ပြောင်းသွားမှာလား မူလ ဂျပန်ကားထုတ်လုပ်သူများအနေနဲ့လဲ ထိုင်းတို့ရဲ့ ယုံကြည်စိတ်ရမှု ကို ဘယ်လောက်အတိုင်းအတာ အထိ ဆက်ပြီး ထိန်းသိမ်းထားနိုင်မလဲဆိုတာကို စောင့်ကြည့်သွားရမှာ ဖြစ်ပါကြောင်း။

ကိုးကား – Kiatnakin Phatra Research Report၊ ပုံများ – 45th BIMS မှာ Brand တချို့မှ ရောင်းချနိုင်ခဲ့သော ကားအရေအတွက်များကို ဖော်ပြထားသည်များ

Leave a Reply

Your email address will not be published. Required fields are marked *