Headlines

လျှပ်စစ်ကားများဖြင့် ခြေကျင်လမ်းသွားလမ်းလာများကို တိုက်မိနိုင်ခြေဟာ လောင်စာဆီသုံးကားများထက် ၂ဆပိုများ

လေ့လာမှုများအရ ခြေကျင်လမ်းသွားလမ်းလာများကို လျှပ်စစ်ကားဖြင့် တိုက်ခံရမိနိုင်ခြေဟာ လောင်စာဆီအင်ဂျင်သုံးကားများထက် ၂ဆ ပိုများတယ်လို့ သိရပါတယ်။ အဆိုပါတွေ့ရှိချက်ကို  2013 မှ 2017 အတွင်း UK မှာ ဖြစ်ပွားခဲ့တဲ့ ယာဥ်မတော်တဆမှု မှတ်တမ်းများအပေါ်မှာ ဆန်းစစ်ချက်များကို အခြေခံပြီး Epidemiology and Community Health Journal မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။
      လေ့လာဆန်းစစ်သူများရဲ့ ဖော်ပြချက်အရ လေ့လာတွေ့ရှိချက်များမှာ EV နဲ့ HEV များဖြင့် ခြေကျင် လမ်းသွားလမ်းလာများကို တိုက်မိခဲ့မှုဟာ သာမန် ICE ကားများထက် ၂ဆ ပိုများခဲ့ပြီး မြို့ပြ အရပ်ဒေသမှာ ထိခိုက်မှုဟာ နယ်အရပ်တွေထက် ၃ဆ ပိုများတယ်လို့ဆိုပါတယ်။ 2013 မှ 2017 အတွင်း လူသေဆုံးမှုများ အပါအဝင် မတော်တဆမှုပေါင်း 916,713 ရဲ့ မှတ်တမ်းအချက်အလက်များ ကို အခြေခံပြီး တွက်ချက်မှုများအရ နှစ်စဥ်ပျမ်းမျှ မိုင်းသန်း ၁၀၀ ခရီးမောင်းနှင်မှုတိုင်းမှာ  ခြေကျင်လမ်းသွားလမ်းလာ လူသေဆုံးမှု နှုန်းဟာ လျှပ်စစ်ကားများမှာ 5.16 ရှိပြီး ICE ကားများမှာ 2.40 ရှိနေပါတယ်။ လေ့လာဆန်းစစ်မှုမှာ စုစုပေါင်းအားဖြင့် လျှပ်စစ်ကားအစုံ ခရီးမောင်းနှင်မှု မိုင်ပေါင်း သန်းပေါင်း 32,000 နဲ့ ICE ကားအစုံ ခရီးမောင်းနှင်မှု မိုင်ပေါင်း 3 ထရီလီယံ ကို ထည့်သွင်းတွက်ချက်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် သုတေသနပြုလုပ်သူများဟာ ကလေးသူငယ်များနဲ့ လူငယ်များကို အသက်ဆုံးရှုံးစေရာမှာ  ယာဥ်မတော်တဆမှုများကြောင့် ထိခိုက်မှုဟာ အဓိက အကြောင်းအရင်းဖြစ်ပြီး ယာဥ်မတော်တဆမှု များကြောင့် လူသေဆုံးမှု ၄မှုတိုင်းမှာ ၁မှု ဟာ ခြေကျင်လမ်းသွားလမ်းလာသူများ ဖြစ်နေကြကြောင်းကို သတိပြုမိတယ်လို့ဆိုပါတယ်။
      လေ့လာဆန်းစစ်သူများရဲ့ အဆိုအရ လျှပ်စစ်ကားမျိုးစုံဟာ အင်ဂျင် စက်သံ ဆူညံမှုမရှိပဲ အထူးသဖြင့် မြို့ပြ‌ဒေသများမှာ ပတ်ဝန်းကျင်မှ အသံများက ကားသံကို ဖုံးလွှမ်းသွားတာကြောင့် ခြေကျင် လမ်းသွားလမ်းလာသူများအတွက် သတိမပြုမိစေပဲ အန္တရာယ်ပိုရှိနေစေတယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် ငယ်ရွယ်သူများနဲ့ အတွေ့အကြုံနည်းပါးတဲ့ ကားမောင်းသူများဟာ ယာဥ်မတော်တဆမှုများ ပိုမို ဖြစ်စေနိုင်ပြီး ထိုသူများမှာ လျှပ်စစ်ကားများ ပိုင်ဆိုင်မှုက ပိုများနိုင်ဖွယ်ရှိကြောင်းကိုလည်း ထောက်ပြထားပါတယ်။ ဗြိတိန်နိုင်ငံမှာ ICE ကားများဖြင့် ထိခိုက်ဒဏ်ရာရတဲ့ ခြေကျင်လမ်းသွားလမ်းလာသူများဟာ လျှပ်စစ်ကားများဖြင့် ထိခိုက်မှုထက်ပိုများနေသော်လည်း မြို့ပြဒေသမှာ လျှပ်စစ်ကားများဖြင့် ထိခိုက်နိုင်မှု အန္တရာယ်ဟာ ပိုမိုမြင့်မားနေတယ်လို့ ဆိုပါတယ်။ ယခု အစီရင်ခံစာဟာ 2017 ခုနှစ် အထိသာ တွက်ချက်နိုင်ပြီး  2018 မှစလို့ နောက်ပိုင်း National Travel Survey (NTS) မှ အချက်အလက်များဟာ ပြည့်စုံမှု မရှိသေးတာကြောင့် ထည့်သွင့်တွက်ချက်လို့ မရခဲ့ကြောင်း ကိုလည်း ဖော်ပြထားပါတယ်။

        ကျန်းမာရေးရှုထောင့်အရ သွားလာမှုများမှာ လမ်းလျှောက်ခြင်းနဲ့ စက်ဘီးစီးခြင်းတို့က ပိုမိုကောင်းမွန်ပေမယ့်၊ ယခုတွေ့ရှိချက်များကြောင့် လမ်းအသုံးပြုသူများအတွက် ဒွဟပွားလာစေနိုင်ပါတယ်။ အစီရင်ခံစာရဲ့ သုံးသပ်ချက်အရ UK အစိုးရရဲ့ ICE ကားများအသုံးပြုမှုကို  အဆင့်ဆင့် ဖျက်သိမ်းမယ့် အစီအစဥ်များကြောင့် လျှပ်စစ်ကားများဖြင့် ထိခိုင်နိုင်ခြေဟာ ပိုမိုမြင့်မားလာနိုင်ခြေများပြီး ထိုသိုသော အန္တရာယ်များကို လျော့ချနိုင်မယ့် အစီအမံများကို သက်ဆိုင်ရာအာဏာပိုင်များ အနေနဲ့ စတင်ရေးဆွဲ အကောင်အထည် ဖော်သင့်ပြီလို့ အကြံပြုထားပါကြောင်း။

Leave a Reply

Your email address will not be published. Required fields are marked *